သုက်လွှတ်မြန်တာကို ကုသလို့ရသလား
သုက်လွှတ်မြန်ခြင်း ဒါမှမဟုတ် အရပ်ခေါ်အရ တပ်ထွက်ဆိုတာ လိင်ဆက်ဆံနေစဉ် ထင်ထားတာထက် ပိုပြီးစောစော သုက်လွှတ်မိတဲ့ အခြေအနေကို ခေါ်တာဖြစ်ပါတယ်။ ဒီပြဿနာဟာ ယောက်ျားလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပြီး၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လိင်မှုကိစ္စ (၃) ကြိမ်မှာ (၁) ကြိမ်ထိတောင် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီအတွက် ကိုယ့်ညီအစ်ကိုတို့မှာလည်း ဒီပြဿနာခံစားနေရတယ်ဆိုတိုင်း ငါတစ်ယောက်တည်းလားဆိုပြီး စိတ်ဓာတ်မကျစေချင်ပါဘူးခင်ဗျာ။
သုက်လွှတ်မြန်တဲ့ ပြဿနာရဲ့ အဓိကလက္ခဏာအနေနဲ့ ထိုးသွင်းဆက်ဆံမှု စတင်တဲ့အခါ (၃) မိနစ်ထက်ပိုပြီး မထိန်းနိုင်ဘဲ သုက်လွှတ်မိလိုက်တဲ့ ပြဿနာတစ်ခုတည်းပဲ ရှိပါတယ်။ ဒီပြဿနာဟာ တချို့အမျိုးသားတွေမှာ အမြဲတမ်းလည်း ဖြစ်နေတတ်သလို၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အမြဲကောင်းနေတဲ့ အမျိုးသားတွေမှာပါ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ပုံမှန်အားဖြင့် သုက်လွှတ်မြန်တာရဲ့ နောက်ကွယ်မှာ စိုးရိမ်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတော့ မရှိနိုင်ပေမဲ့ တခြားစိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ခန္ဓာပိုင်းဆိုင်ရာ အခြေအနေတွေ၊ ကိုယ့်ရဲ့ လိင်မှုဘဝအပေါ် သက်ရောက်မှုရှိစေမယ့် နေ့စဉ်ဘဝမှာ လုပ်မိလိုက်တဲ့ အမူအကျင့်တွေကြောင့် ဖြစ်နိုင်ပါတယ်။
သုက်လွှတ်မြန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ပြန်ကြည့်မယ်ဆိုရင်
- အရွယ်မတိုင်ခင် လိင်ပိုင်းဆိုင်ရာ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့၊ မြင်ခဲ့ရတာ
- လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတာ
- ကိုယ့်ရဲ့ခန္ဓာကိုယ်၊ လိင်အင်္ဂါအပေါ် စိတ်တိုင်းကျမှု၊ အားရမှုမရှိတာ
- စိတ်ကျရောဂါရှိနေတာ၊ သို့မဟုတ် စိတ်ဓာတ်ကျနေတတ်တာ
- ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တဲ့အတွေးတွေ ဝင်နေတတ်တာ
- လိင်တံကောင်းစွာမထောင်မတ်နိုင်တာအပေါ် သိမ်ငယ်စိတ်ဖြစ်နေတာ
- ဟော်မုန်းမျှခြေ ပျက်ယွင်းနေတာ
- စိတ်ဖိစီးမှု များလွန်းတာ
- ဆီးလမ်းကြောင်း၊ ဆီးကျိတ် ရောင်နေတာ
- အချစ်ရေးမှာ ပြဿနာရှိနေတာ အစရှိတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် အကြောင်းရင်းအတိအကျကို ကိုယ်တိုင်ရှာရခက်တာကြောင့် ဆရာဝန်နဲ့ သေချာပြကြည့်တာအကောင်းဆုံးပါပဲ။
သုက်လွှတ်မြန်ခြင်းဟာ ရောဂါတစ်ခုမဟုတ်ဘဲ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်တာကြောင့် ဒီပြဿနာကို ဖြစ်စေတဲ့အကြောင်းရင်းကို သိနိုင်မယ်ဆိုရင် ကုသရတာ အရမ်းလွယ်ပါတယ်။ ကိုယ့်မှာ ဒီပြဿနာကို မကြာခဏ ခံစားနေရတဲ့အခါ အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာသွားပြကြည့်ပြီး ကိုယ့်ရဲ့ ကျန်းမာရေး၊ ရောဂါရာဇဝင်နဲ့ လိင်မှုဘဝ၊ အတွေ့အကြုံများအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောပြဖို့က ဦးစားပေးပါ။ ပြီးသွားမှသာ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ လိင်အင်္ဂါကို စစ်ဆေးကြည့်မှာဖြစ်ပြီး၊ သွေးစစ်တာ၊ ဟော်မုန်းပမာဏ စစ်ဆေးတာ၊ ဆီးစစ်တာ၊ စိတ်ကျန်းမာရေးအတွက် တိုင်ပင်ဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။
ကုသဖို့ နည်းလမ်းတွေအနေနဲ့
၁။ အပြုအမူပိုင်းဆိုင်ရာ ကုထုံး - ရိုးရှင်းတဲ့ နည်းလမ်းတွေဖြစ်တဲ့ လိင်ဆက်ဆံမှုမပြုခင် ၁-၂ နာရီခြားပြီး လက်နဲ့အာသာဖြေလို့ ဆန္ဒပြီးမြောက်လိုက်တာ၊ ထိုးသွင်းဆက်ဆံမှုမပါတဲ့ လိင်အာသာဖြေမှုတွေဖြစ်တဲ့ ပွတ်သပ်ကျီစယ်တာ၊ ပါးစပ်နဲ့ လိင်အင်္ဂါကို နှိုးဆွပေးတာ စတာတွေ ပါဝင်ပါတယ်။
၂။ Kegel လေ့ကျင့်ခန်း - လိင်စိတ်နည်းသွားတဲ့ အမျိုးသမီးတွေမှာ ကိုယ့်ရဲ့လိင်စိတ်ပြန်တက်စေတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပြီး အမျိုးသားတွေမှာဆိုရင် ဆီးခုံကြွက်သားကို လေ့ကျင့်ပေးတာဖြစ်တဲ့အတွက် အလွယ်တကူ သုက်မထွက်အောင် ဟန့်တားပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ Gym က နည်းပြဆရာနဲ့အတူ လေ့ကျင့်တာ ဒါမှမဟုတ် ကိုယ်ပြနေတဲ့ဆရာဝန်ဆီမှာ သင့်တော်တဲ့ Kegel လေ့ကျင့်ခန်းပုံစံတွေကို မေးမြန်းရင်း တစ်ရက် ၁-၃ ကြိမ်ထိ လုပ်ပေးနိုင်ပါတယ်။
၃။ ခဏရပ်ရင်း ညှစ်ထားပေးခြင်း ကုထုံး - ကိုယ်နဲ့ကိုယ့်ဆက်ဆံဖော်အနေနဲ့ အချိန်အတိုင်းအတာတစ်ခုကို မှတ်ပြီး သုက်လွှတ်တော့မယ့် ခံစားချက်တစ်မျိုးရပြီဆိုရင် လိင်ဆက်ဆံတာကို ခဏရပ်ပြီး ကိုယ့်ရဲ့လိင်တံအရင်းကို လက်နဲ့ညှစ်ထားပေးရမှာပါ။ သုက်လွှတ်ချင်တဲ့ စိတ်ဆန္ဒမရှိတော့ဘူးဆိုမှ ထိုးသွင်းဆက်ဆံမှုကို ပြန်လုပ်ပေးပါ။ ဒီနည်းလမ်းဟာ နောက်ပိုင်းမှာလည်း သုက်လွှတ်မမြန်အောင် အလေ့အကျင့် လုပ်ပေးနိုင်ပါတယ်။
၄။ ကွန်ဒုံးအသုံးပြုခြင်း - ကွန်ဒုံးဟာ လိင်မှတစ်ဆင့် ကူးစက်ရောဂါနဲ့ မလိုလားတဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ သူ့ရဲ့လူသိနည်းတဲ့ ကောင်းကျိုးတစ်ခုကတော့ ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်အင်္ဂါကနေ ခံစားသိရှိနိုင်စွမ်းနည်းသွားတဲ့အတွက် အလွယ်တကူ လိင်အထွတ်အထိပ် မရောက်သွားအောင် ကာကွယ်ပေးတာပဲဖြစ်ပါတယ်။ ကွန်ဒုံးရဲ့အသားထူလေ၊ ခံစားသိရှိနိုင်မှုနည်းလေ ဖြစ်တဲ့အတွက် ပိုပြီးတောင် သုက်ထိန်းပေးနိုင်ပါတယ်။
၅။ သောက်ဆေးပေးခြင်း - လိင်အင်္ဂါကို ထုံကျဉ်စေတဲ့ ခရင်မ်၊ ဂျယ်လ်၊ စပရေးတွေ ဖျန်းပေးတာ၊ ထုံကျဉ်ပြီး ခံစားသိရှိနိုင်မှု အာရုံကို လျော့နည်းစေတဲ့ သောက်ဆေးတွေ ပေးတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ထိန်းချုပ်ဖို့ စိတ်ငြိမ်ဆေး၊ စိတ်ကျရောဂါ ကုသဆေးတွေ ပေးတာ၊ အကိုက်အခဲပျောက်ဆေး စတာတွေနဲ့လည်း ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။
၆။ ကြာဆေးပေးခြင်း - ဒီနည်းလမ်းကိုတော့ အသက် (၄၀) နောက်ပိုင်း ကျားဟော်မုန်းအရမ်းနည်းပြီး ပန်းသေပန်းညှိုးရောဂါဖြစ်နေတဲ့ အမျိုးသားတွေကိုသာ ညွှန်းပေးပါတယ်။ ကြာဆေးဟာ လူငယ်တွေအတွက်တော့ တစ်ခါတလေ သောက်ဖို့သာ သင့်တော်ပြီး အမြဲတမ်းသောက်မယ်ဆိုရင် ဆေးအာနိသင်ကို စွဲသွားနိုင်ပါတယ်။
ကိုယ့်မှာ သုက်လွှတ်မြန်တဲ့ ပြဿနာရှိရင် မရှက်ဘဲနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတာ အသင့်တော်ဆုံး နည်းလမ်းတစ်ခုပါပဲ။
ရဲမျိုးမြတ်